စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကန့်ဘလူခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ် ၂၆ ရက်မွန်းလွဲပိုင်းက ကန့်ဘလူမြို့ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကန့်ဘလူခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖအဖွဲ့ဝင် ဦးနွေဦးက ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးရန်လိုအပ်မှု အခြေအနေများကို တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များအတွက် သက်ဆိုင်ရာဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသလို ကန့်ဘလူခရိုင်အတွင်းမှာလည်း ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ဆောင်ရွက်မည့်အခြေအနေမျာကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ မြို့လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၁၀ သိန်းစီ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း