ဆင်ပေါင်ဝဲ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးကြမည့် မဲဆန္ဒရှင် မိဘပြည်သူများအနေဖြင့် မဲပေးရာတွင် ဘောပင်ဖြင့် အမှန်ခြစ်ခြင်း၊ တံဆိပ်တုံးထု၍ မဲပေးခြင်းတို့ကို ဆောင်ရွက်ခြင်း မပြုတော့ဘဲ အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို မဲဆန္ဒရှင်များ မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာနဲ့ မဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုနိုင်ရေး စမ်းသပ်မဲပေးကြရန် ဌာနဆိုင်တာဝန်ရှိသူများအား ယခုလို အသိပညာပေးရှင်းလင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်သီရိလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ လုပ်ငန်းလုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုနည်း အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာအရာရှိနှင့် ဝန်ထမ်းများအား လက်တွေ့အသိပညာပေးပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်၍ အဆိုပါစက်၏ လုပ်ဆောင်ချက်များနှင့် သိရှိလိုသော မေးမြန်းချက်များအပေါ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)