ငွေဆောင် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဟိုတယ် ဇုန်လမ်းရှိ မဟာပုညာရာမကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်နယ်မြေရဲစခန်းစခန်းမှူး မျိုးဇေမြင့်နှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ အတွင်းရေးမှူး ဒေါ်ပွင့်ဖြူအောင်၊ ငွေဆောင်မြို့၊ ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ပွင့်ဖြူအောင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပက်သက်၍ ရှင်းလင်းအသိပညာပေး ပြောကြားကာ မဲပေးနည်းအား လက်တွေ့ပြသခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ပြည်သူများကို မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းတို့အား ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ထောက်ပံ့ငွေပေးအပ်မှု စိစစ်ရေးအဖွဲ့(၉)မှ ငွေဆောင်မြို့အတွင်းရှိ ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အ.ထ.က( ငွေဆောင် )မှ ဆရာမများက တိုက်ပွဲရှောင်ပြည်သူများ၏ ကိုယ်ရေးအချက်အလက်အား နိုင်ငံသားစိစစ်ရေးဟေကတ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှု ရှိ/မရှိ စိစစ်ခြင်း၊ နိုင်ငံသားကတ်နှင့် အိမ်ထောင်စု (၆၆/၆) တို့အား တိုက်ဆိုင်စစ်ဆေးခြင်း၊ e - ID server ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းတို့အား ဦးစွာဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
R–014 (ငွေဆောင်)