မကွေး ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က(ခွဲ)ကန်သာကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်း၀န်းအတွင်း ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေသန္တာအာင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်၀င်းအိမွန်က အဓမ္မခိုင်းစေခံနေရသည့် ကလေးများအကြောင်း၊ အသက်မပြည့်သေးသည့် ကလေးများအား သွေးဆောင်ဖြားယောင်း ခိုင်းစေနေခြင်းအကြောင်း၊ ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းရင်းများ၊ ဥပဒေပါကလေး အလုပ်သမားဆိုင်ရာ အသက်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပညာရေးနှင့်အသက် မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ နွမ်းပါးသည့် မိသားစုများအတွက် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝရရှိစေရန် ဖန်တီးပေးခြင်းတို့ကို ဟောပြောပြီး ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲ ကို ကျောင်းသား၊ ကျောင်းသူ၊ ကလေးငယ်များအနေဖြင့် မိမိပတ်ဝန်းကျင်၊ မိမိနေထိုင်ရာဒေသများ၌ သွေးဆောင်ဖြားယောင်မှုမခံရစေရေးနှင့် အဓမ္မခိုင်းစေခံရမှု မဖြစ်ပေါ်စေရေး ပညာပေးဟောပြောခြင်းဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)