မြောင်းမြ သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ(၁) နာရီအချိန်ကလေ့ကျင့်ရေး၊ အလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက "လူကုန်ကူးမှုပပျောက်ရေး" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး လေ့ကျင့်ရေး၊ အလယ်တန်းကျောင်းမှ ဆရာမ ဒေါ်လှလှဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်၊ စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)