မင်းဘူး ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ဒေသခံများနှင့် လမ်းသွားလမ်းလာပြည်သူများ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်စေရန် အမှိုက်ပုံးများနေရာချထားပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်း မင်းဘူးမြို့စည်သာယာရေးနယ်နိမိတ်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက မြို့အထင်ကရနေရာများ၊ လမ်းဆုံများ၊ ဈေးများ၊ ပန်းခြံများ၊ စာသင်ကျောင်းများ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လူစည်ကားရာနေရာများတွင် ဈေးရောင်း၊ ဈေးဝယ်များ၊ ဒေသခံများနှင့် လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးပြီး မြို့သန့်ရှင်းသာယာလှပစေရန် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိအမှိုက်ဟူ၍(၄)မျိုး ခွဲခြားသတ်မှတ်ပေးထားပြီး အမှိုက်များခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြို့တွင်း လမ်းမတစ်လျောက် အမှိုက်ပုံးများနေရာချထားပေးခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်စေခြင်း၊ စွန့်ပစ်အမှိုက်များကို အမှိုက်သိမ်းယာဉ်များဖြင့် ပြန်လည်သိမ်းဆည်းပေးခြင်းများအပြင် အမှိုက်များကို သတ်မှတ်နေရာအသီးသီးတွင်း စနစ်တကျ ခွဲခြားစွန့်ပစ်စေရန် စည်းကမ်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပလတ်စတစ်ကြွတ်ကြွတ်အိတ်များ သုံးစွဲမှုလျှော့ချရေးနှင့် ပလတ်စတစ်အစားထိုးသုံးစွဲရေး အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မဈေးကြီးများနှင့် လူစည်ကားရာနေရာများတွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်ကြွတ်ကြွတ်အိတ်များ သုံးစွဲမှုလျှော့ချရေးနေ့အဖြစ် သတ်မှတ်ပြီး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)