မင်းဘူး ဩဂုတ် ၂၇
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်မြို့နယ်လုံး မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များရရှိလာသည့်အခါ မဲပေးစက်များကို သက်ဆိုင်ရာမဲရုံများသို့ သယ်ယူပို့ဆောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျသိမ်းဆည်းစီမံဆောင်ရွက်ရမှာဖြစ်ကြောင်း ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ နေရာဒေသအလိုက် သတ်မှတ်ကာလအတွင်း မဲပေးစက်များ လုံခြုံစွာစနစ်တကျရွှေ့ပြောင်းပေးနိုင်ရေးနှင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဌာနအကြီးအကဲများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဝင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ၏ရည်ရွယ်ချက်နှင့် တားမြစ်ချက်များ၊ အဆိုပါဥပဒေတွင် ပါဝင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လိုအပ်သည့်လုံခြုံရေးအစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးထက်ဝေယံထွန်းက မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM)အား ကိုင်တွယ်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် အဆိုပါမဲပေးစက်၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)