ရွှေဘို သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၃/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနဦးစီးမှူး ဦးစိုးမင်းက သင်တန်းဆင်းအမှာစကားပြောကြားရာ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ခြင်းဖြင့်၊ မိသားစုတစ်ပိုင် တစ်နိုင်ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး လင်းထက်အောင်တို့က သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွှေဘိုခရိုင်သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်တို့က သင်တန်းထုတ်ကုန်များပေးအပ်ခဲ့ပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ဆရာမများကကိတ်မုန့်၊ ပေါင်မုန့်အမျိုးမျိုးအပါဝင် မုန့်အမျိုးမျိုးပြုလုပ်ခြင်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းတက်ရောက်သူ(၂၀)ဦးရှိကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)