ပွင့်ဖြူ ဩဂုတ် ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ကိုင်း - ရွှေလှေ - ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း အရှည် ၂ ဒသမ ၆၂ ဖာလုံအား လမ်းအကျယ် ၁၄ ပေ ၊ အမြင့်ထုခုနှစ်လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ တင်ဒါအောင်မြင်သော ထားပိုကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၀၅ ဒသမ ၂၂၀ သန်းဖြင့်ဆောင်ရွက်သည့် လယ်ကိုင်း - ရွှေလှေ - ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၃၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများအတွက် တစ်ရွာနှင့်တစ်ရွာ အဆင်ပြေချောမွေ့စွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသထွက်လယ်ယာသီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ လွယ်လင့်တကူ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)ဒေါ်မိမိလွင်ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)