ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှု ကြည့်ရှုအားပေး

လွိုင်ကော် သြဂုတ် ၂၆

လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်နေ ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်က နမ့်ဘော်ဝမ်(ခ)ရပ်ကွက်၊ ဝိသုဒ္ဓိမဂ္ဂဒီပနီဓမ္မာရုံ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်ဆန္ဒမဲပေးရန် ကူညီဆောင်ရွက်ပေးနေမှုများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လက်တွေ့ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားများ ပြောကြားခဲ့သည်။

ယနေ့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအား နမ့်ဘော်ဝမ်(ခ)ရပ်ကွက်နေ ပြည်သူ ၄၈၀ ဦးခန့်က ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)