တောင်ငူမြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်း စိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

တောင်ငူ သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်သည့် အသင်းသားများ၏ အောင်နိုင်တိုးမျိုးစပါးစိုက်ခင်းများတွင် သွင်းအားစုများထည့်သွင်းနေမှုကို သြဂုတ် ၂၄ ရက်နေ့ နံနက်ပိုင်းက ပဲချက်ကုန်းကျေးရွာ၊ တောင်သူ ဦးညွန့်အောင်၏ စိုက်ခင်း၌ ကွင်းဆင်းကြီးကြပ်ကြည့်ရှုခြင်း ဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းကြီးကြပ်ကြည့်ရှုရာတွင် တောင်ငူမြို့နယ် သမဝါယဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်ဂျုံစီဒေးဗစ်နှင့် ဝန်ထမ်းများက ပဲချက်ကုန်းကျေးရွာ၊ ပဲချက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ အသင်းသားတောင်သူ (၁၆၂)ဦး အနက်မှ တောင်သူ ဦးညွန့်အောင်၏ လယ်ယာမြေတွင်(Seeder)ဖြင့် စိုက်ပျိုးထားသော အောင်နိုင်တိုးစပါးစိုက်ခင်း၌ သွင်းအားစုထည့်သွင်းနေမှုအခြေအနေကို ကွင်းဆင်းကြီးကြပ်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးသည်။ တောင်ငူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်း ဆောင်ရွက်သည့် ကျေးရွာ ()ရွာ၊ အသင်း ()သင်း၊ အသင်းဝင် (၂၆၃)ဦး၏ စိုက်ဧက (၂၀၀၀)အတွက် တစ်ဧကလျှင် ကျပ် ၂၅၀၀၀၀ နှုန်းနှင့် ညီမျှသော အောင်နိုင်တိုးအထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများကို ပံ့ပိုးဆောင်ရွက်ပေးထားကြောင်းနှင့် အဆိုပါစပါးမျိုးသည် အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်းနှင့် ဆန်သားကြည်လင်ခြင်း၊ စားသုံးသည့်အခါ အရသာကောင်းမွန်ခြင်း၊ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ်အသင့်အတင့်ခံနိုင်ရည်ရှိပြီး ဆည်ရေသောက်၊ မိုးရေသောက်ဒေသများတွင် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)