တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဩဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ၉ ယောက်တွဲ အေရိုးဗစ်အဖွဲ့များက အေရိုးဗစ်် စွမ်းရည်ယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး အကဲဖြတ်ဒိုင်အဖွဲ့များက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က တစ်ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသော ရေဖြူမြို့နယ်အသင်းမှ မသွန်းထက်စံ၊  ဒုတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်းမှ နော်ရို့စ်ဘဲလ်၊ ပထမဆုရရှိသော လောင်းလုံးမြို့နယ်အသင်းမှ မမို့မို့အောင်တို့အား တစ်ဦးချင်း ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ၃ ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ကော့သောင်းမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်း၊ ပထမဆုရရှိသော လောင်းလုံးမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ၉ ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော လောင်းလုံးမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်း၊ ပထမဆုရရှိသော ကော့သောင်းမြို့နယ် အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အေရိုးဗစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၁) ခု ရရှိသော လောင်းလုံးမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)