ထားဝယ် ဩဂုတ် ၂၆
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးထွန်းတို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် အ.ထ.က (၅) မှ ကျောင်းသား/ ကျောင်းသူများက ကပြခြင်း၊ ရမ္မဇူကိုယ်ပိုင်အထက်တန်းကျောင်းမှ ထားဝယ်ရိုးရာ ရေအိုးရွက်အကဖြင့် ကပြခြင်းနှင့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က တီးမှုတ်ကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အထက်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ အလယ်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်ကြသည်။
ယနေ့ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ရမ္မဇူကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်မူလတန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀၀) ဦးခန့် တက်ရောက်ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြိုင်ပွဲများတွင် ပျော်ပျော်ရွင်ရွင်ပါဝင်ဆင်နွဲကြသည့် ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို ဩဂုတ် ၂၇ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)