သရက် ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း ဆောင်ရွက်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က မြို့လယ်ဓမ္မာရုံးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားရာမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်မဲပေးကြမည့် မဲဆန္ဒရှင်မိဘပြည်သူများအနေဖြင့် မဲပေးရာတွင် ဘောပင်ဖြင့် အမှန်ခြစ်ခြင်း၊ တံဆိပ်တုံးထု၍ မဲပေးခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်ကြောင်းနှင့် မဲပေးစက်သည် မြန်မာနိုင်ငံ၌ ထုတ်လုပ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ မြန်မာနိုင်ငံ၌ ကိုက်ညီသည့် မြန်မာအီလက်ထရောနစ် ဒီဇိုင်းပုံစံကို တီထွင်ထားသည့် မဲပေးစက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးသန့်ဇင်မင်းက မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်နေ ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာများ လက်တွေ့အသိပညာပေးပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်နေပြည်သူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)