မအူပင် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဆန်စပါးလုပ်ငန်းရှင်များအား MyRo မှတ်ပုံတင်ဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ခရိုင်ဦးစီးမှုးဦးအောင်ဇော်ဦးက ဆန်တန်ချိန် ၅၀ တန် (သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့် အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံများအားလုံး မြန်မာဆန်စပါး အွန်လိုင်း Myanmar Rice Online (MyRO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ မအူပင်မြို့နယ်မှမှတ်ပုံတင်ပြီး ဆန်/စပါးသိုလှောင်ရုံ (၃၆) လုံး မှတ်ပုံတင်ဆောင်ရွက်ပြီးစီးပြီး ထပ်မံသက်တမ်းတိုးရန်ရှိသော လုပ်ငန်းများမှာလည်း သက်တမ်းတိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ဥပဒေအရ စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများရှိပါက မှတ်ပုံတင်ရန်သတ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး သိုလှောင်မှုပမာဏ ထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ပါကအရေးယူခံရကြောင်း မဟုတ်မမှန်သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိကြောင်းနှင့် MyRO မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အား မအူပင်ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက်လုပ်ငန်းရှင်များ သိရှိနိုင်ရေးအသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲသို့ မအူပင်မြို့နယ်အတွင်းရှိ ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက်လုပငန်းရှင် (၄၂) ဦးတက်ရောက်ခဲ့ကြပြီး အသိပညာပေး ဟောပြောဆွေးနွေးမှုများအပေါ် သိရှိလိုသည်များအား ပြန်လည်မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)