ကြံခင်းမြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကြံခင်း သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့် ကြံခင်းမြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်သား၊ ကျောင်းသူများနှင့် သင်ကြားပြသပေးသော ဆရာ၊ ဆရာများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အ​ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာသီရိခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်သား၊ ကျောင်းသူများနှင့် သင်ကြားပြသပေးသော ဆရာ၊ ဆရာများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရန်အတွက် ဆပ်ကော်မတီအဖွဲ့များက ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး  ဆရာကြီးဒေါ်ဌေးဌေးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာများ ဦးရေစာရင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ထည့်သွင်းချီးမြှင့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့မိမြို့ဖများ၊ ဆပ်ကော်မတီများ အသီးသီးဆွေးနွေးကြကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အဆိုပါ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လနောက်ဆုံးအပတ်တွင် ကျင်းပပေးသွားမည်ဖြစ်ပြီး ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ထူချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူနှင့် သင်ကြားပြသပေးသော ဆရာ၊ ဆရာများအား   ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)