မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

မြဝတီ သြဂုတ် ၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ယာဥ်ထိန်းရဲတပ်ဖွဲ့ ရုံးရှေ့နှင့် အမှတ် (၄) ရပ်ကွက် မြို့နယ်အကောက်ခွန်ဦးစီးဌာန ရုံးရှေ့၌ ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကိုအမှတ် (၇၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးဒုတိယရဲမှူး အောင်လင်းဌေး ဦးဆောင်၍ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြုဆပ်ကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့သည် ယာဉ်မောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့်အချက်များ၊ မော်တော်ယာဉ်များအတွက် သတ်မှတ်ဧရိယာအတွင်း မောင်းနှင်ရမည့်မိုင်နှုန်းများအား ရှင်းလင်ပြောကြားပေးပြီးစည်းကမ်းချက်နှင့်အညီ မလိုက်နာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)