တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဩဂုတ် ၂၆

၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက  ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဘောလုံးအားကစားဝါသနာရှင် ပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပွဲစဉ်တွင် ကျုံပျော်ခရိုင်အသင်းက ပုသိမ်ခရိုင်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဆုရရှိသည့် ခရိုင်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ရှေ့တန်းအကောင်းဆုံး ကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကို  တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ ဇနီးကလည်းကောင်း၊ အလယ်တန်းနှင့် နောက်တန်းအကောင်းဆုံး ကစားသမားဆုရရှိသူများအား  ဆုတံဆိပ်နှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီး၏ဇနီးကလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးနှင့်  ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုကို စီးပွားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊   တတိယဆုရရှိသည့် မြန်အောင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီးဥပဒေချုပ်ကလည်းကောင်း၊  ပထမဆုရရှိသည့် ကျုံပျော်ခရိုင်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလားကို ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ကာ ပထမဆုရရှိသည့်အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)