ငဖဲ ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူများပူးပေါင်းပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် ဇူလိုင်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က သုတရသစာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က ထက်ဝေအောင်(စစ်ကိုင်း)ရေးသားသည့် “ရတနာသစ်ပင် တိုးချစ်ခင်စို့”ဆောင်းပါးပါ သစ်ပင်စိုက်ပျိုးခြင်းသည် လူမှုပတ်ဝန်းကျင်အတွက် များစွာအကျိုးရှိသလို လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန်အတွက်လည်း အကောင်းဆုံးလက်နက်ဖြစ်ကြောင်းနှင့် ကမ္ဘာကြီး၏အဆုတ်ဟု တင်စားထားသည့် သစ်တော၊ သစ်ပင်များကို အမြတ်တနိုးတန်ဖိုးထားကာ ထိန်းသိမ်းစိုက်ပျိုးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် မအိအိအောင်က ကောင်းသန့်ရေးသားသည့် “ဘောလုံးပစ်ပေါက်ခြင်းအနုပညာ”ဆောင်းပါးပါ ဘောလုံးပစ်ပေါက်ကစားနည်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုကြောင်း၊ စိတ်ပျံ့လွင့်ခြင်းမရှိသောကြောင့် သမာဓိအားကောင်းစေကြောင်းနှင့် ဘောလုံးကစားရင်း တရားသဘောများဆင်ခြင်တွေးဆနိုင်သလို မိမိဉာဏ်ရှိသလို အကျိုးရှိအောင် ကိုယ်လက်လှုပ်ရှားကစားနိုင်ကြောင်းကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)