သံတောင်ကြီးမြို့တွင်တစ်ပိုင်တစ်နိုင်စီးပွားဖြင့်မျှစ်ခြောက်များလုပ်ကိုင်ဆောင်ရွက်

သံတောင်ကြီး   ဩဂုတ် ၂၆

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် မျှစ်များလှိုင်လှိုင်ထွက်ရှိသည့်ယခုအချိန်တွင် မျှစ်များကို တစ်နှစ်တာပတ်လုံးစားသုံးနိုင်ရန်  တစ်ပိုင်တစ်နိုင်စီးပွားဖြင့် မျှစ်ခြောက်များ ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

မျှစ်ခြောက်များတစ်နှစ်တာလုံးအထားခံနိုင်ရန် ဦးစွာမျှစ်စိုများကိုပါးပါးခြစ်ကာမနူးတနူးပြုတ်ပြီး အရည်စစ်၍ ထင်းမီး(သို့မဟုတ်)နေနှင့်အခြောက်ခံကာ လုံခြုံစွာသိုလှောင် ထားရှိရသည်။ မျှစ်ခြောက်များကို ကရင်ရိုးရာ တာဟဲဖိုး၊ တာလပေါဟင်းများချက်ပြုတ်ရာတွင် အဓိကအသုံးပြုသည်သာမက အခြားသောသီးနှံအသားဟင်းများနှင့်လည်း ရောနှောချက်ပြုတ်နိုင်သည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင်သာမကတောင်ငူ၊ ရန်ကုန်နှင့် အခြားဒေသများအထိ တင်ပို့ရောင်းချကြသည်။

အဆိုပါမျှစ်ခြောက်များသည် သဘာဝစစ်စစ်ပြုလုပ်ရောင်းချသည့်အတွက် ဝယ်လိုအားကောင်းကာ ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၂၈၀၀၀မှ  ကျပ် ၃၀၀၀၀အထိ  ဈေးကောင်းရရှိကြောင်းသိရသည်။

နော်နော်မူ