မြောင်းမြမြို့တွင် (၂၆) ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြောင်းမြ သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြန်မာ့ရိုးရာယဥ်ကျေးမှုကို ချစ်ခင်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ (၂၆) ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က အ.ထ.က (၁) ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ အဖွဲ့ဝင် ဦးဝင်းစိန်၊ မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကို၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအုန်းသိန်း၊ မြို့နယ်ပညာရေးမှူး ဦးစိုးစိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာတွင် အခြေခံပညာအဆင့် (၁၅-၂၀) အကပြိုင်ပွဲဝင်များမှ ကဗျာလွတ်အကနှင့် တပင်တိုင်အကယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် (၁၀-၁၅)၊ (၁၅ - ၂၀) မဟာဂီတနှင့် ကာလပေါ် အဆိုယှဥ်ပြိုင်ခြင်း၊ အရေးယှဥ်ပြိုင်ခြင်း၊ အတီးပြိုင်ပွဲဝင်များမှ တယောတီးခတ်ယှဥ်ပြိုင်ခြင်း၊ စန္ဒယားတီးခတ်ယှဥ်ပြိုင်ခြင်းနှင့် ပလွေမှုတ်ယှဥ်ပြိုင်ခြင်း စသည်တို့ကို မြို့နယ်အတွင်းရှိ အသက် (၁၀-၁၅) နှင့် (၁၅-၂၀) ကျောင်းသား၊ ကျောင်းသူလေးများက ဘာသာရပ်အလိုက် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်သီသီဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)