မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက် စွမ်းအားတိုးတက်မြင့်မားရေး မင်းဘူး(စကု)မြို့နယ်ရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မင်းဘူး ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းက ကျောက်စံကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တွေ့ဆုံပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးအခြေခံသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်နှင့်အညီ ဆီထွက်သီးနှံများအပြင် စပါး၊ ပဲ၊ ပြောင်း၊ ဝါ နှင့် အခြားသီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရန် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ် သုံးသီးစိုက် ရရှိအောင်ဆောင်ရွက်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲသီးနှံထက် စီးပွားရေးအရ တွက်ခြေကိုက်သည့် သက်ယဉ် အထွက်ကောင်း သီးနှံများကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း၊ မျိုးကောင်းမျိုးသန့် သုံးစွဲစိုက်ပျိုးနိုင်မှသာ သီးနှံပေါ်ချိန် အထွက်နှုန်းကောင်းမွန်ပြီး ထွက်ရှိသော သီးနှံများ ဈေးကောင်းရရှိနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုရာဌာနများကလည်း ဒေသခံတောင်သူများအတွက် သီးနှံစိုက်ပုံစံများ ချပြရှင်းလင်း ဆွေးနွေးပြီး ကျေးရွာ၊ ဒေသအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်းရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်နှင့် မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဦးတို့က စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးနည်းပညာများ၊ မြို့နယ်အတွင်း ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကျောက်စံ၊ မန်းကောက်၊ မန်းကျိုး၊ ရွာသစ်ကုန်း၊ ကုလားပါး၊ ကန်သစ်၊ ကျေးရွာတို့မှ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး၊ ကုန်ထုန်လမ်းများ ပြုပြင် ဆောင်ရွက်ပေးနိုင်းရေးနှင့် ဒေသတွင်း လျှပ်စစ်ရေတင်စီမံကိန်းအသစ်များ တိုးချဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး စသည့် တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ အဆိုပါ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများထံ ရုပ်သံလွှင့်စက်များနှင့် အ.ထ.က(ခွဲ) ကျောက်စံကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ ခင်းကျင်းပြသထားသော တောင်သူနည်းပညာပေးပြခန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)