အင်္ဂပူ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ.ထ.က(အင်္ဂပူ)ငုရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(မြို့နယ်အဆင့်)ပြိုင်ပွဲပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုအနုပညာများကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်တို့ မြင့်မားတိုးတက်စေလာစေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှသည် ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်မာလာစေရန်အတွက် နိုင်ငံတော်၏အကြီးအကဲများက ယခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့မြို့နယ်အဆင့်မှ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့်အထိ တက်လှမ်းနိုင်ပြီး မိမိမြို့နယ်အတွက် ဂုဏ်ဆောင်နိုင်အောင်ကြိုးစား ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ချိုချိုခိုင်နှင့် ဒိုင်အဖွဲ့မှ ဆရာဦးဟန်ဦးက ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများအားရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများအား ဆက်လက်ကျင်းပပေးရာ အဆို၊ အက၊ အတီး၊ ပြိုင်ပွဲဝင်များမှ ဘာသာရပ်အလိုက် ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘင်ပညာရှင်များ အစည်းအရုံးမှ အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
မန်းကျော်(ပြန်/ဆက်)