ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေး

ကျွန်းစု ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာရပိုင်းကျေးရွာနှင့် စလွန်အော်ကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။

ဦးစွာ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး အောင်လင်းဦးက ရွေးကောက်ပွဲပျက်အောင် ပြုလုပ် ဆောင်ရွက်မှုများနှင့် မဲဆန္ဒရှင်များအပေါ် ထိခိုက်နာကျင်စေမှု၊ ခြိမ်းခြောက်မှုများ၏ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်မို့မို့အေးနှင့်တာဝန်ရှိသူများက MEVM စက်ဖြင့် မဲပေးခြင်းဆိုင်ရာနည်းစနစ်များ၊ မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြကြသည်။

ထို့နောက် လက်တွေ့မဲပေးခြင်းလုပ်ငန်းများကို စမ်းသပ်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)