ဟင်္သာတ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(စတုတ္တပတ်) အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့ပဒေသာစျေးကြီးရှိ ဆားလက်လီလက်ကားရောင်းချသောဆိုင်များမှ ဆားနမူနာများအား အိုင်အိုဒင်းပါဝင်မှုအရည်အသွေး စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူ/သားများ၊ စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ဟင်္သာတမြို့နယ်ရှိ စည်ပင်သာယာစျေးများ၊ ရပ်ကွက်၊ ကျေးရွာများမှ လက်လီလက်ကားစျေးဆိုင်များ၊ နေအိမ်များနှင့် အခြေခံပညာစာသင်ကျောင်းများတွင်လည်း ဆားများ၌ အိုင်အိုဒင်းပါဝင်မှုစစ်ဆေးခြင်း၊ အိုင်အိုဒင်းချို့တဲ့မှုရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)