တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ထားဝယ်     ဩဂုတ် ၂၅

(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်နှင့် တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပ သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပနိုင်ရေးအတွက်ကြိုတင်ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မကြာခင်ကာလအတွင်းနေပြည်တော်၌ ပြုလုပ်ကျင်းပမည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးက  ပြိုင်ပွဲဝင်များစွာယှဉ်ပြိုင်မည်ဆိုပါက အခွင့်အလမ်းများပြီး ဆုတံဆိပ်ရရှိမှုသည် များပြားနိုင်ကြောင်း၊ အဆင့်မြင့်ပညာတွင် သတ်မှတ်ထားသည့်အတိုင်းဖြစ်ပြီး အဆို(၃)မျိုး၊ အက(၄) မျိုး၊အတီးပြိုင်ပွဲ ၁၃ မျိုးဖြစ်ကြောင်း၊ ရိုးရာအကများနှင့် ပတ်သက်၍ လူရွေးချယ်မှု၊ ကြိုတင်ပြင်ဆင်မှု၊ အဝတ်အစားစသည့်တို့ကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် တိုင်းဒေသကြီးတစ်ခုလုံး နှင့်သက်ဆိုင်ပြီး မြန်မာရိုးရာယဉ်ကျေးမှုလည်း ဖြစ်ကာ တစ်နှစ်တစ်ခါကျင်းပသော ပြိုင်ပွဲလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သောပြိုင်ပွဲလည်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် ထားဝယ်ရိုးရာယိမ်းအကကိုယှဉ်ပြိုင်ရမှာဖြစ်၍ တိုင်းဒေသကြီးအတွက် ဂုဏ်ယူစရာဖြစ်ပြီး ဂုဏ်ယူစရာ ကောင်းအောင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင် ယှဉ်ပြိုင်ရန်လည်းလိုအပ်ကြောင်း၊ တက်ရောက် လာသော ပညာရှင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ က ဝိုင်းဝန်းပြီး အကြံဉာဏ်များပေးရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်ကဆွေးနွေး​တင်ပြပြီး အခမ်းအနားပြင်ဆင်ရေး၊ သယ်ယူပို့ဆောင်ရေး နှင့်ကြိုဆိုနေရာချထားရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ဆုချီးမြှင့်ရေး၊ပြိုင်ပွဲစိစစ်ရွေးချယ်ရေး၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဧည်ခံကျွေးမွေးရေး စသည့် လုပ်ငန်းကော်မတီများက ကော်မတီအလိုက်ရှင်းလင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ညှိနှိုင်းဆောင်ရွက်ပေးသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)