ကော့သောင်း ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပင်လယ်ကမ်းရိုး တန်းသယံဇာတများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီခန့်က ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က ဒေသဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်နေသည့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဒေသခံများအနေဖြင့် ဒေသတွင်းသာယာလှပမှုပုံရိပ်များအဖြစ် ထင်ရှား ကျော်ကြားသည့် ရေပေါ်ရေအောက်သဘာဝ သယံဇာတများကို ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် ပျောက်ပျက်သွားခြင်းမျိုးမဖြစ်ပေါ်စေရေးအတွက် အားလုံး ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းလာနိုင် ကြစေရန်၊ ခရီးစဉ်ဒေသအတွင်း၌ အဏ္ဏဝါခရီးသွားလုပ်ငန်းနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သည့် အစီအမံများကို ချမှတ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အဆိုပါအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသည့် မြိတ်ကျွန်းစုပင်လယ်ပြင်နှင့် ဆက်နွှယ်ပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နေကြသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းကြောင့် ပင်လယ်ပြင်အတွင်း ရေပေါ်ရေအောက် သဘာဝသယံဇာတများ ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတများ အပေါ်ဆိုးကျိုးသက်ရောက်မှု မဖြစ်ပေါ်စေရန် အတွက် အလေးအနက်ထားပြီး ဂရုတစိုက်လုပ်ကိုင်ဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း၊ ပြောကြားသည်။
ယင်းနောက် Shan Yoma Travel & Tours Co., Ltd မှမန်နေးဂျင်းဒါရိုက်တာ၊ တတ်သိ ပညာရှင်ဦးလှအေးက “ပင်လယ်ပြင်ကြီးမှ လူသားများအပေါ် အကျိုးပြုနေမှုအခြေအနေများ၊ ပင်လယ်ရေ အောက်တွင်ရှိသည့် သက်ရှိသက်မဲ့သယံဇာတများ၏ သဘာဝနှင့်ကာကွယ်ထိန်းသိမ်းခြင်း ဆိုင်ရာသိရှိ လိုက် နာဆောင်ရွက်သင့်သည့်အချက်များ၊ ပင်လယ်ကမ်းရိုးတန်းဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ သိရှိလိုက်နာဆောင်ရွက်သင့်သည့်အချက်များအပြင် ခရီးစဉ်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် သက်ဆိုင်သူအားလုံးမှဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည့် လုပ်ငန်းတာဝန်များကိုပါ ပိုမိုသိရှိလာစေရန် ဆွေးနွေးဟောပြောသည်။ ယင်းနောက် တက် ရောက်လာကြသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိကြသူများက သိရှိလိုသည်များမေးမြန်း ဆွေးနွေးသည်။ ယင်းနောက် အခမ်းအနား ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)