ပုလော ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာ အီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဦးကျော်လွင်က မြန်မာအီလက်ထရောနစ် (MEVM) စနစ်ဖြင့် အသုံးပြု၍ မဲပေးရခြင်း၏ ရည်ရွယ်ချက်၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ မဲပေးစက်များကို ကိုင်တွယ်အသုံးပြုခြင်း၊ မဲရလဒ်များ၊ မဲပေးစက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မြို့ပေါ်ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ မဲပေးခြင်း၊ မဲရလဒ်များ ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)