ပုသိမ် ဩဂုတ် ၂၅
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်တက်ရောက်၍ တောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစု ဓာတ်မြေ ဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီး အတွင်း နည်းပညာပြန့်ပွားရေးစင်တာများဖွင့်လှစ်၍ တောင်သူများအား အသိပညာများ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြောင်းမြခရိုင်အား စံပြခရိုင်အဖြစ် သတ်မှတ် ထားရှိပါကြောင်းနှင့် စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်း ရောက်ရှိရုံသာမက သီးနှံစိုက် စွမ်းအားများလည်း တိုးတက်လာခဲ့ပါကြောင်း၊ ယခုနှစ်သည်တိုင်းဒေသကြီးအနေဖြင့် သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်းနှင့် မိုးစပါးသည်လည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည်ဖြစ်ပါကြောင်း၊ စပါးအထွက်နှုန်းများတိုးတက်ရန်အတွက် စိုက်နည်းစနစ်များ ပြောင်းလဲခြင်းနှင့် ကြဲခင်းစနစ်များပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများကို အချိန်ကိုက် အချိုးကျထည့်သွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကြဲခင်းစနစ်များ ပပျောက်စေရန် ပျိုးထောင်စိုက်ပျိုးခြင်းများ၊ ကောက်စိုက်စက်များ၊ ကောက်စိုက်သမများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)များဖြင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်နွေစပါးစိုက်ရာသီတွင် ကြဲခင်းများ လုံးဝပပျောက်စေရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder) များဖြင့် စိုက်ပျိုးခြင်းများ ပိုမိုဆောင်ရွက်နိုင်စေရေး မျိုးစေ့ချကိရိယာ(Drum Seeder)များ ပိုမိုထုတ်လုပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးနွေစပါး(၅၂)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေများဖြင့် တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့ပါကြောင်း၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့အနေဖြင့်လည်း Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ယခုတွင်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်များစွာအထောက်အပံ့ရမည်ဖြစ်ကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး တက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀) မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီး၏ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူကြီးများ အနေဖြင့်လည်း မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးသာမက သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း” မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်ခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေခယ်သီရိ အားကစားခန်းမတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စိုက်ဧကများ တစ်နှစ်ထက် တစ်နှစ်တိုးတက်အောင် စိုက်ပျိုးနိုင်ခဲ့ပါကြောင်းနှင့် စုစုပေါင်း စိုက်ဧက(၈၅)သိန်းကျော်အထိ စိုက်ပျိုးလျက်ရှိပါကြောင်း၊ နှစ်စဉ်တောင်သူလယ်သမားနေ့ရောက်တိုင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တောင်သူကြီးများအား ဆုများချီးမြှင့်ခြင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ အသိပညာရှင်အတတ်ပညာရှင်များဖိတ်ခေါ်၍ ဆွေးနွေးပွဲများပြုလုပ်ကာ စိုက်ဧက ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ရည်မှန်းချက်ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆွေးနွေးပွဲ ရလဒ်များအရ တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကို အခြေခံ၍ ဆောင်ရွက်ရန်နှင့် သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများအချိန်ကိုက် အချိုးကျထည့်သွင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုကဲ့သို့ပေးအပ်သည့် သွင်းအားစုများကိုလည်း အချိန်မီပေးကြဲပက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀) မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်း ကျောင်း ရှစ်ကျောင်းကိုလည်း ဖွင့်လှစ်ထားရှိကာ မကြာမီကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတွင် ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ လာမည့် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးခွင့်ရသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး အတွက် တာဝန်ရှိသူများမှ စာရင်းများမှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အချက်အလက်များစိစစ်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးသာမက သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရေး အတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တောင်သူများအား သွင်းအားစု မြေဩဇာများပေးအပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးနိုင်ရေး စာချုပ်ချုပ်ဆိုမည့်အခြေအနေများ၊ e-ID Smart Card ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားတွင် တက်ရောက်လာကြသူများမှ မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တက်ရောက်လာသူများ လက်တွေ့ စမ်းသပ်မဲပေးခြင်းများ စနစ်တကျ ဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်