ဖျာပုံဩဂုတ်၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၆)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့အ.ထ.က(၁)ကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပဆောင်ရွက်သည်။
ရှေးဦးစွာ ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်ဝင်းက မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်စေရေးနှင့် ရိုးရာအမွေအနှစ်ကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်က ပြိုင်ပွဲကျင်းပမည့်အစီအစဥ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့် (၂၆)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပရာအခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ကဗျာလွတ်အကပြိုင်ပွဲ၊ခေတ်ဟောင်းကာလပေါ် ၊ တပင်တိုင်အက၊ စောင်းတူရိယာအတီးပြိုင်ပွဲ၊ စန္ဒယားအတီးပြိုင်ပွဲ၊ အကပြိုင်ပွဲများကို ကျင်းပခဲ့ရာ ဝါသနာရှင်များက ကဏ္ဍအလိုက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)