ဇလွန် သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၂၀၂၅-၂၀၂၆)ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဥ်တွင် အကျုံးမဝင်သည့် တောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မေရီလန်းကျေးရွာအုပ်စု နည်းပညာပြန့်ပွားရေးစင်တာတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက မိုးစပါးတစ်ဧကကောက်ကွက်များ ပြည့်မီအောင် စိုက်ပျိုးပြီးဖြစ်သဖြင့် ယူရီးယားဓာတ်မြေသြဇာများ သုံးစွဲရာတွင် အလေအလွင့်ဆုံးရူံးမူ နည်းပါးစေရန်၊ ယူရီးယားတစ်ဆ သဘာဝမြေသြဇာသုံးဆ ရောစပ်အသုံးပြုနိုင်ရေး၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နှိမ်နင်း၍ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်လင်းထက်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးနှင့်အကျုံးမဝင်သည့် တောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရန် နိုင်ငံတော်မှ အတိုးမဲ့ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ အကျိုးရှိရှိအသုံးချကာ သီးနှံပေါ်ချိန် ပြန်ပေးဆပ်ကြရန် တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး မေရီလန်းကျေးရွာအုပ်စု တောင်သူ(၁၇)ဦးအတွက် ဖြိုးမောက် ယူရီးယားဓာတ်မြေဩဇာ(၁၇)အိတ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ဇလွန်မြို့နယ်တွင် သြဂုတ်လအတွက် ဖြိုးမောက်ယူရီးယားဓာတ်မြေ ဩဇာ(၅၀၂၀)အိတ်နှင့် အာမိုကွန်ပေါင်းဓာတ် မြေဩဇာ(၁၄၂၂)အိတ် ရရှိမည်ဖြစ်ပြီး တာဝန်ရှိသူများက ကျေးရွာအုပ်စုများသို့ ခွဲတမ်းအလိုက် အသီးသီးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)