ဓနုဖြူမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများဆောင်ရွက်

ဓနုဖြူ သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၈)ရပ်ကွက်၊ UNT စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထူးမြတ်ကျော်ကမီးဘေးအန္တရာယ်မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထူးမြတ်ကျော်နှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ရာ UNT စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်