အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယူရီးယား (၁)ဆ၊ မြေဆွေး (၃)ဆရောစပ်၍ မြေသြဇာကြဲပက်ပွဲကျင်းပ

အိမ်မဲ သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာ တောင်သူဦးလှမြင့်၏ ဆင်းသုခစပါးမျိုးစိုက်ပျိုးထားသော လယ်ယာမြေ (၇.၇၈)ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာကြဲပက်ပွဲကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ခင်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယူရီးယား (၁)ဆ၊ မြေဆွေး(၃)ဆရောစပ်၍ မြေသြဇာကို ကြဲပက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ တောင်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီမှူး ဦးစိုးမြင့်အောင်က စိုက်ပျိုးမည့်လယ်ယာမြေများတွင် မြေသြဇာထည့်သွင်းရမည့် အကြောင်းအရာများကို အကျယ်တဝင့် ပြောကြား ခဲ့သည်။

ထိုကဲ့သို့ ယူရီးယား(၁)ဆ၊ မြေဆွေး (၃) ဆ ရောစပ်၍ မြေသြဇာကြဲပက်ခြင်းကြောင့် တောင်သူများအနေဖြင့် ဆုံးရှုံးမှုတန်ဖိုးနည်းပါးပြီး ကုန်ကျစရိတ်သက်သာလာကာ အထွက်နှုန်း ပိုမိုရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်