မြိတ် ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မြိတ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျောက်ကပ်ရောဂါ ဝေဒနာရှင် ပြည်သူများနှင့် ကျောက်ကပ်ဆေးရမည့် ဝေဒနာရှင်များ အဘက်ဘက်မှ ဆေးကုသမှု အဆင်ပြေစေရေးအတွက် မတည်အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောက်ကပ်ရောဂါဝေဒနာရှင် ပြည်သူများနှင့် ကျောက်ကပ်ဆေးရမည့် ဝေဒနာရှင်များ အဘက်ဘက်မှ ဆေးကုသမှု အဆင်ပြေစေရေးနှင့် အခက်အခဲရှိသည့် လူနာများအတွက် ယခုလို အလှူငွေများ လာရောက်လှူဒါန်းပေးကြသူများကို ကျေးဇူးတင်ကြောင်းပြောကြားသည်။ ယင်းနောက် အထူးကုဆရာဝန်ကြီး(ဆေးပညာ) ဒေါက်တာ ခင်ခင်မြင့်က ကျောက်ကပ် သန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆေးကုသမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကျောက်ကပ်သန့်စင်လူနာများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များမှ အလှူငွေစုစုပေါင်း ကျပ်သိန်း(၁၀၆၀)ကို လှူဒါန်းပေးအပ်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ကြ သည်။ ဆက်လက်၍ ခရိုင်ကုသရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်ကပ် သန့်စင်ဆောင်သို့ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
မြိတ်ပြည်သူ့ဆေးရုံမှ မြိတ်ဒေသဝန်းကျင်တွင်ရှိသည့် ကျောက် ကပ် ရောဂါဝေဒနာရှင်ပြည်သူများနှင့် ကျောက်ကပ်ဆေးရမည့် ဝေဒနာရှင်များကို ကုသပေးနိုင်ရန်အတွက် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်မှုစေတနာရှင်အလှူရှင်များနှင့် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများပူးပေါင်း၍ ကျောက်ကပ်သွေးသန့်စင်ဆောင် ဆောက်လုပ်၍ (၂၀၂၄)ခုနှစ် မတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်ကပ်ဝေဒနာရှင်များကို ကျောက်ကပ်ဆေး စက်(၄)လုံးဖြင့် ကုသပေးခဲ့ရာ ယနေ့အထိ ဝေဒနာရှင်(၄၀)ဦးကို ကျောက်ကပ်ဆေးပေးသည့် အကြိမ်ရေ (၉၀၀)ဖြင့် ကုသဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကာ လူနာများအတွက် လိုအပ်သောဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့ခြင်း၊ အလှူရှင်များမှ လှူဒါန်းခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်သန့်စင်လူနာများအား ရေရှည်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ယနေ့လှူဒါန်းငွေများကို မတည်အလှူငွေဖြင့် ကျောက်ကပ်သန့်စင်လုပ်ငန်း ဖောင်ဒေးရှင်းကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )