ကျိုက်လတ်မြို့နယ်၌ (၂၆) ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

ကျိုက်လတ် သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယနေ့နံနက် ၉ နာရီက (၂၆) ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းတတ်စေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းနိုင်ရေးတို့အတွက် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအောင်မိုးက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲအပြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက အကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်