မြိတ် ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအားတွေ့ဆုံ၍ အခြေခံစားကုန်များပေးအပ်ပြီး သားဖွားသင်တန်းကျောင်း၏ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ကျောင်းပြင်ပပညာရေး သင်ကြားသင်ယူနေမှုအား ကြည့်ရှုအားပေးပြီး သင်ထောက်ကူများ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် မြိတ်ခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအားတွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းလမ်းညွှန်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများအား အခြေခံစားကုန် ဆန်၊ ဆီနှင့် ကြက်ဥများကို ပေးအပ်ကြသည်။
ထို့နောက် သားဖွားသင်တန်းကျောင်း(မြိတ်) သို့ရောက်ရှိကြပြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက သင်တန်းသူများ ကျောင်းဆင်းပြီး မိမိဒေသရပ်ရွာပြန်ရောက်သည့်အခါ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ပေးမှုသည် အင်မတန်တန်ဖိုးရှိကြောင်း၊ ဆေးရုံဆေးခန်းနှင့်ဝေးလံသည့်ဒေသတွင် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် အင်မတန်အရေးကြီးကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသင်ယူလေ့လာမှတ်သားကြဖို့လိုအပ်ကြောင်း၊ သင်တန်းပြီးလို့ တာဝန်ထမ်းဆောင်သည့် ဒေသတွင် ကလေးသူငယ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ကိုယ်ဝန်ဆောင်မိခင်စောင့် ရှောက်မှုလုပ်ငန်း၊ ကလေးများကာကွယ်ဆေး ထိုးသည့်လုပ်ငန်းနှင့် ဒေသခံများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် ဘာသာရပ်များကို ကျွမ်းကျင်အောင်လေ့လာဖို့လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူများအတွက် ဆန်များပေးအပ်ရာ သင်တန်းကျောင်း ကျောင်းအုပ်နှင့်သင်တန်းသူများက လက်ခံရယူကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သင်တန်းကျောင်းအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ကျောင်းပြင်ပမူလတန်း အလယ်တန်းပညာရေး သင်ကြားသင်ယူမှုများ ဆောင်ရွက်နေသည့် အ.လ.က(၉) ဘုရားကိုင်ကျောင်း သင်ကြားရေးစခန်းသို့ ရောက်ရှိကြသည်။
ကျောင်းပြင်ပပညာသင်ကြားရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပကို ရောက်ရှိနေသည့် ကျောင်းထဲမဝင်နိုင်သည့် ကလေးငယ်များကို မူလတန်းပညာနှင့် အလယ်တန်းပညာပြီးဆုံးအောင် ရည်ရွယ်ချက်ဖြင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ မြိတ်မြို့နယ်အတွင်း မူလတန်းနှင့်အလယ်တန်းအဆင့် ဖွင့်လှစ်လျက်ရှိရာ မြို့နယ်အတွင်း ကျောင်းပြင်ပပညာရေးကို မူလတန်းအဆင့် သင်ကြားရေးစခန်း(၄)ခုနှင့် အလယ်တန်းအဆင့် သင်ကြားရေးစခန်း(၁)ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၇၀)ဦးရှိပြီး ကလေးငယ်များအား သင်ကြားသင်ယူနေမှုအခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဝန်ကြီးချုပ်မှ သင်ထောက်ကူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)