လွိုင်ကော် သြဂုတ် ၂၄
လွိုင်ကော်တက္ကသိုလ် ဖွင့်လှစ်ရန်အတွက် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများနှင့် တက္ကသိုလ်နယ် မြေ သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်တက္ကသိုလ်နယ်မြေအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်နယ်မြေအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လူအင်အား၊ စက်ယန္တရားများဖြင့် တက္ကသိုလ်ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ ပါမောက္ခချုပ်နေအိမ်များနှင့် ဝန်ထမ်းအိမ်ရာများ၊ အားကစားခန်းမနှင့် အားကစားကွင်းများ၊ တက္ကသိုလ်တွင်း လမ်းမကြီးများနှင့် လမ်းသွယ်များ ဘေးဝဲယာတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။ ထို့နောက်တက္ကသိုလ်အဝင်မုခ်ဦး သပ်ရပ်တင့်တယ်မှုရှိစေရေးအတွက် မြေယာရှုခင်းနှင့် ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တက္ကသိုလ်ဓမ္မာရုံအဝင်လမ်း ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဓမ္မာရုံပြန်လည်ပြုပြင်ရန် လိုအပ်သည့်အခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန် ပြန်လည် ပြုပြင်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)