မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မ‌ကွေးမြို့ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မကွေး  ဩဂုတ် ၂

“လူငယ်များ ဗလငါးတန်ဖွံဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို” ဆောင်ပုဒ်နှင့် အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပရာအခမ်းအနားသို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အ.ထ.က (ခွဲ) ဆားစည်မှ ကျောင်းသား၊ ကျောင်းသူလေးများက အဓိကမျှော်တွေး ကျန်းမာရေးတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် အဖွင့်အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်တဲ့ “ကျန်းမာမှ ပညာသင်ကြားနိုင်မည်”၊ “ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ၊ “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ”ဟူသည့် ဦးတည်ချက်၊ လမ်းညွှန်ချက်များကို အမြဲတစေ ဦးထိပ်ထား၍ မူဝါဒများ ချမှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာန အပါအဝင် နှီးနွယ်ဝန်ကြီးဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံသားများရဲ့ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်းမြင့်မားမှုအပေါ် အဓိကမူတည်သည့်အတွက် နိုင်ငံ၏ အနာဂတ်လူ့စွမ်းအား အရင်းအမြစ်ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားခြင်း သည် ကျန်းမာသန်စွမ်းတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေးမှာ အခြေခံဖြစ်ပြီး အဓိကကျတဲ့ အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ယခု(၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို KG ကျောင်းသား၊ ကျောင်းသူစာရင်းကို အခြေခံပြီး မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ် (၂၁) မြို့နယ် ရှိ အခြေခံပညာကျောင်း (၂,၁၀၇) ကျောင်း၌ KG ကျောင်းသား၊ ကျောင်းသူ(၂၉,၅၀၂) ဦးအား ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ပုံငွေများကိုလည်း ခွဲဝေချထားပြီးဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားတိုးတက်လာစေရန်နဲ့ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများ သိရှိကျင့်သုံး စွဲမြဲစေရန် ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိတဲ့အပြင် နှစ်စဉ် ဩဂုတ်လ ဒုတိယအပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေး မြှင့်တင်စို့” ဆိုသည့်အတိုင်းဗလငါးတန်နဲ့ ပြည့်ဝတဲ့ ကျောင်းသားလူငယ်များ ဖြစ်ပေါ်လာနိုင်ရေးအတွက် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ထမ်းများနဲ့ ပညာရေးဝန်ထမ်းများအနေဖြင့် နှီးနွယ်ဌာနများရဲ့ ပံ့ပိုးကူညီမှုများနဲ့အတူ ရည်မှန်းချက်များ အောင်မြင်သည်အထိ အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြစေလို ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းကျန်းမာရေးသီးတင်းပတ် Video Clip ကိုပြသပြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် (အထက်တန်းအဆင့်) ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ကျန်းမာရေးဆိုင်ရာ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ အ-ထ-က(၁)မကွေးမှ ကျောင်းသား၊ ကျောင်းသူများက စုံအောင်စားကြစို၊ အလက - လေ့ကျင့်ရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက လက်ဆေးကြပါစို့၊ အထက (၂)မကွေးမှ ကျောင်းသား၊ ကျောင်းသူလေးများက တစ်ကိုယ်ရေသန့်ရှင်းကျန်းမာခြင်းစသည့် သီချင်းများဖြင့်‌ တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေနှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့သည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမအတွင်း အခြေခံပညာကျောင်းများမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်ရာ ခင်းကျင်း ပြသထားမှုနှင့် ကျောင်းကျန်းမာရေးဆောင်ရွက်ပေးနေမှုများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်ညီညာ