မြိတ် ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပသည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာပေးအပ်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျ၊ ကြဲပက်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။
ကွင်းသရုပ်ပြပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်အစိုးရအနေဖြင့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဒေသဝမ်းစာဖူလုံရေးအတွက် သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး မြိတ်ခရိုင်အနေနဲ့ ဒေသဝမ်းစာ ဖူလုံမှု(၈၄.၆၁) ရာခိုင်နှုန်းသာရှိသည့်အတွက် မြို့နယ်များအလိုက် ဖူလုံမှုရာခိုင်နှုန်း တိုးတက်ရရှိမှသာလျှင် ခရိုင်တစ်ခုလုံး၏ ဒေသဝမ်းစာဖူလုံမှု တိုးတက်လာမှာဖြစ်သည့်အတွက် မိမိတို့ဒေသရဲ့ သီးနှံများတစ်ဧက အထွက်နှုန်းတိုးတက်ဖို့ကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုလိုမိုးစပါး စိုက်ပျိုးနေတဲ့ အချိန်ကာလမှာ ရေ၊ မြေ ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ အရည်အသွေးပြည့်မီတဲ့ သွင်းအားစုများနဲ့ ဒေသနဲ့ကိုက်ညီတဲ့ စိုက်ပျိုးနည်းစနစ်တွေနဲ့ မှန်ကန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်မှသာ အထွက်ကောင်းတဲ့ ရလဒ်များရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ တောင်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ရှေးရှုဆောင်ရွက်တာဖြစ်သည့်အတွက် ယနေ့ပေးအပ်သည့် သွင်းအားစုများကို တောင်သူများအနေနဲ့ကလည်း ထိထိမိမိအသုံးချပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဦးတည်ဆောင်ရွက်ဖို့လိုသလို သီးထပ်၊ သီးညှပ်ဧကများ တိုးတက်ရရှိကာ သီးထပ်စွမ်းအား တိုးတက်နိုင်ဖို့ကိုလည်းဖြစ်စေကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများက သဘာဝမြေဩဇာများကို အကျိုးဆောင် တောင်သူများအား ပေးအပ်ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျ ရောနှောကြဲပက်ခြင်းကွင်းသရုပ်ပြပွဲအား ကွင်းဆင်းကြည့်ရှု အားပေးကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က (သမုတ်) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ ရောက်ရှိကြပြီး တာဝန်ရှိသူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများအား တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားပြီး အ.ထ.က (သမုတ်) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း၏ ကျောင်းသား/သူများ၏ ကျောင်းတက်ရောက်မှုအခြေအနေနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ကျောင်း၏လိုအပ်ချက်၊ ကျောင်းသား/သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။ ထို့နောက် ကျောင်းသား/သူများ၏ သင်ကြားရေးပစ္စည်းများ၊ ဆန်နှင့်ကျောင်း၏လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ချီးမြှင့်ငွေ(၂၈၅)သိန်းနှင့် ပစ္စည်းများကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကပေးအပ်ရာ ကျောင်းတာဝန်ခံဆရာမဒေါ်ခင်မာလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းတာဝန်ရှိသူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အ.ထ.က(သမုတ်) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်း၏ စာသင်ခန်းများ၊ စိုက်ခင်းများ၊ မွေးမြူရေးခြံများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)