ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင်အားကစားကွင်းရှေ့တွင် လူငယ်ဖိုရမ်ကျင်းပရေး လှုံ့ဆော်မှုပိုစတာစိုက်ထူ

ဘားအံ သြဂုတ်လ ၂၄

‌ကရင်ပြည်နယ်၊ ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်းရှေ့တွင် ယမန်နေ့ညနေ(၄)နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာ၀န်ကြီး ဦးစောထွန်းအောင်နှင့် တာ၀န်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ ( Future Front Myanmar : Youth Strategy Forum -2025) ကျင်းပရေး လှုံ့ဆော်မှုပိုစတာကို စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ (Future Front Myanmar : Youth Strategy Forum -2025) ကို ရန်ကုန်မြို့၊ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) တွင် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်ထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်းရှိ ဘက်စုံထူးချွန်လူငယ်များ ပါ၀င်တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါလူငယ်မဟာဗျူဟာဖိုရမ်ကို နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနှင့် အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံဗဟုသုတများ ရရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှုအရည်အချင်းများ မြှင့်တင်ရန်၊ အပြန်အလှန်ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိ ထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန်၊ လူငယ်များ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းများကိုရှုမြင် အဆိုပြုနိုင်စွမ်းမြှင့်တင်ရန်နှင့် အနာဂတ်တွင် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် ဖိုရမ်ဆင်းလူငယ်ကွန်ရက်ကို ဖန်တီးပေးရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖိုရမ်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်သို့တက်ရောက်ကြမည့် လူငယ်များ၏  အနာဂတ် မြန်မာနိုင်ငံအတွက် ရှုမျှော်မှု (Icebreaker Activity) ပုံစံ၊ ကမ္ဘာ့ကဖေးဆွေးနွေးပွဲ (World Café) ပုံစံ၊ လန်းဆန်းနှိုးထဉာဏ်စမ်း (Energizer Quiz) ပုံစံ၊ အဖွဲ့အလိုက်ဆွေးနွေးပွဲ(Team Workshop) ပုံစံများဖြင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)