ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများကျင်းပ

ကန့်ဘလူ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရောင်စဥ်လှိုင်းဘော်ဒါဆောင်တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ဩဂုတ် ၂၂ ရက်နေ့က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသားကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ တိုးတက်စေရန် ၊ဗလငါးတန်နှင့်ပြည့်စုံ၍ ဗဟုသုတများရရှိစေရန်၊ ကျောင်းစာကြည့်တိုက်များ အသုံးပြုတတ်စေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ ကျောင်းသားကျောင်းသူများက ပါဝင်ဆွေးနွေးယှဥ်ပြိုင်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်၊ အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)