မင်းဘူး ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းအဆင့်(၃)စီမံချက် ထပ်တိုးအစီအစဉ်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ ပညာအလင်းရောင်ကိုယ်ပိုင် အထက်တန်းကျောင်း၌ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်စေရေးအတွက် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မြို့နယ်အသီးသီးတွင် ပန်းခင်းစီမံချက်များဖြင့် အဆင့်ဆင့်သတ်မှတ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြာများကို အခမဲ့ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံသားတစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကတ်သာ ကိုင်ဆောင်ခွင့်ရှိပြီး တရားမဝင်ကိုင်ဆောင်ပါက သတ်မှတ်ဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတိုင်းအတွက် အသုံးဝင်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့်အတွက် ယခုလို မြို့၊ ရွာ၊ ရပ်ကွက်နှင့် စာသင် ကျောင်းများအရောက် ကွင်းဆင်း၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းအဆင့်(၃)စီမံချက် ထပ်တိုးအစီအစဉ်ဖြင့် အဆိုပါကျောင်းအပါအဝင် မင်းဘူး (စကု)မြို့နယ်အတွင်းရှိ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်စေရေး နှင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့်အရာဖြစ်သည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အနေဖြင့် ဆောင်ရွက်ရန် ၃၉၇ ခုလျာထားခဲ့ပြီး ၃(က) ၉၄ ခုနှင့် ၆(က) ၇၀၄ ခု စုစုပေါင်း ၇၉၈ ခု ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြီးစီးမှုရာခိုင်နှုန်းအားဖြင့် ၂၀၁ ဒသမ ၀၁ ရာခိုင်နှုန်းအထိ သတ်မှတ်လျာထားချက်ထက်ပြည့်မီကျော်လွန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)