ကြံခင်း သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နန်းမြတ်တော်ဝင်ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်း တို့ပူးပေါင်း၍ ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နန်းမြတ်တော်ဝင်ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း Grade-10 ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ နန်းမြတ်တော်ဝင် ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်း စီမံအုပ်ချုပ်သူဆရာကြီး ဦးတင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ နှုတ်မှု စွမ်းရည်ထက်မြက်လာစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး Grade-11 မှ ကျောင်းသူ မဂျူးဂျူးမေက “လူငယ်နှင့် မူးယစ်ဆေးဝါး”၊ Grade-11 မှ ကျောင်းသား မောင်ဥက္ကာခန့်က “လူငယ်နှင့်ကျန်းမာရေး”၊ Grade-10 မှ ကျောင်းသူ နော်သီရိထွန်းက “လူငယ်နှင့်အင်တာနက်”၊ Grade-11 မှ ကျောင်းသား မောင်စိုင်းညီညီအောင်က “လူငယ်နှင့်ပရဟိတ” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြကာ ဆရာကြီးဦးတင်ထွန်းက ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးသည့် အကြောင်းအရာများအပေါ် ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ စကားဝိုင်းသို့ တက်ရောက်လာ ကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားပြီး ဆရာမကြီး ဒေါ်ယဥ်ယဥ်ဌေး (စာကြည့်တိုက်တာဝန်ခံ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် လူငယ်စကား ဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သုတ ရသ စာအုပ်စာစောင်ပြပွဲနှင့် မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်၊ မူးယစ်အန္တရာယ် အသိပညာပေးအကြောင်းအရာပါ နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း- ကြံခင်း(ပြန်/ဆက်)