တောင်တွင်းကြီး သြဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီက တောင်တွင်းကြီးမြို့ မင်းကွန်းကျောင်းတိုက်၀န်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ နယ်မြေခံတပ်မှူးဗိုလ်မှူးကြီး ကျော်သန်းဆွေက အဖွင့်အမှာစကားပြောကြားပြီး နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဆွေ၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးထွန်းထွန်းဝင်းတို့က တက်ရောက်လာသော ဌာနဆိုင်ရာများထံသို့ စိုက်ပျိုးမည့်ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် တစ်ပြိုင်နက်စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တမာ(၁၀၀)ပင်၊ ရေတမာ(၁၀၀)ပင်၊ ယင်းမာ (၁၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ ဖျောက်ဆိတ် (၁၀၀)ပင် စသည့် ပျိုးပင်ပေါင်း (၅၀၀) ကို ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
နောင်နောင်(ပြန်/ဆက်)