(၂၆) ကြိမ်မြောက် ကြံခင်းမြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကြံခင်း သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့် ကြံခင်းမြို့နယ်များ၌ (၂၆)ကြိမ်မြောက်၊  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ဩဂုတ်လ(၂၂)ရက်နေ့နံနက် (၉)နာရီအက မြို့နယ်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာသီရိခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က (၂၆)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၊ ပညာရှင်များ ဘာသာရပ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆပ်ကော်မတီအသီးသီးမှ သဘင်ဂီတပညာရှင်များက မိမိတို့တာဝန်ယူကြမည့် ကဏ္ဍအလိုက်လိုအပ်သည်များကို တင်ပြပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြသော ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ၂၅ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အတွေ့ရသည့်အခက်အခဲများ၊ လိုအပ်ချက်များအား ပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်ပြီး ဆုတံဆိပ်များ ရရှိနိုင်ရေး ဆွေးနွေးကြသည်။ ထို့နောက် ဆပ်ကော်မတီအသီးသီးမှ တင်ပြဆွေးနွေးမှုများအား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)