ကံမမြို့နယ်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်

ကံမ ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အင်းကြီးကုန်းကျေးရွာအုပ်စု၊ ခြောက်ပင်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာအုပ်စုတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ဇူပန်မိုက မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်း အသိပညာ ပေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံအသုံးပြုနည်းများအား ရှင်းလင်းပြသပေးပြီး တက်ရောက်လာသော ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

ကျန်ရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုအားလုံးတို့မှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း လက်တွေ့သရုပ်ပြခြင်းကို ရက်အလိုက် နေရာဒေသသတ်မှတ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အရာရှိထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)