မကွေးတိုင်းဒေသကြီးအတွင်း HIV ပိုးရှိ လူနာများအား ART ဆေးဖြင့် အခမဲ့ကုသပေး

မကွေး ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသည် အိပ်ချ်အိုင်ဗွီပိုးရှိ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း အေအာတီဆေးကုဌာန(၆)ခုနှင့် အေအာတီဆင့်ပွားကုဌာန(၁၉)ခုတို့တွင် နှစ်သိမ့်ဆွေးနွေးပညာပေးပြီး အိပ်ချ်အိုင်ဗွီရှိ၊ မရှိ စစ်ဆေးခြင်း၊ ဆေးကုသမှုခံယူရန် လိုအပ်သောလူနာများအား အေအာတီဆေးဖြင့် အခမဲ့ကုသပေးခြင်းနှင့် အခွင့်အရေးယူဝင်ရောက်တတ်သော ရောဂါများအား ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းအပြင် အေအာတီဆေးသောက်နေသော လူနာများအား အိပ်ချ်အိုင်ဗွီပိုးကောင်ရေစစ်ဆေးပေးခြင်းအပါအဝင် လိုအပ်သော ဓါတ်ခွဲစစ်ဆေးမှုများကိုလည်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အိပ်ချ်အိုင်ဗွီပိုးရှိလူနာများအတွက် အေအာတီဆေး ပြတ်လပ်မှုမရှိစေရန် နိုင်ငံတော်မှ အေအာတီဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများတိုးမြှင့်ချထားပေးလျက်ရှိပြီး (၂၀၂၅-၂၀၂၆)ခုဘဏ္ဍာနှစ်တွင် ရန်ပုံငွေကျပ် (၆၀,၀၀၀) သန်းခွင့်ပြုကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)