တမူးမြို့တွင်၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် စံပြနို့တိုက်မိခင်ဆုရရှိသူများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တမူး ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် စံပြနို့တိုက်မိခင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉း၃၀)နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တမူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုတွေမှာ ပြည်သူလူထု ကိုယ်တိုင်စိတ်ဝင်တစား ပါဝင်လာခြင်းဖြင့် အာဟာရပြည့်ဝပြီးကျန်းမာလာအောင် စီမံစားသုံးတတ်စေတဲ့ အသိပညာ၊ အမူအကျင့်ကောင်းများ ပြည်သူလူထုအတွင်း ပိုမိုကျယ်ပြန့်စွာ သိရှိလာစေမှာဖြစ်ပြီး ကလေးငယ်များနှင့် အမျိုးသမီးများရဲ့ ကျန်းမာရေးနှင့်အာဟာရအခြေအနေကို ပိုမိုကောင်းမွန် မြင့်မားလာစေဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်း အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့်တာဝန်ရှိသူများက စံပြနို့တိုက်မိခင်ဆုရ မိခင်များအား ဆုချီးမြှင့်ခြင်း တက်ရောက်လာကြသည့် နို့တိုက်မိခင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရတနာ