မုံရွာပညာရေးဒီဂရီကောလိပ်တွင် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မုံရွာ၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သဏ္ဍာန်တူသရုပ် ပြလေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကား ပြောကြားပြီး လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊  တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးနှင့် လျော့ပါးရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မွန်းလွဲ(၁)နာရီတွင် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊‌ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်းဦးရေ (၈၀၀) ကျော်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ငလျင်ကာကွယ်‌ရေး သဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်‌လေ့ကျင့်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)