ဘားအံ ဩဂုတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်ကို ၂၀၁၁ ခုနှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ဧရိယာ ၉၆၉ ဧကကျယ်ဝန်းကာ ဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်နိုင်ရေး၊ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံစက်မှုဇုန်၊ ကံကောင်းခြင်းရတနာထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီ၏ သစ်ပါးလွှာစက်ရုံ၌ အလုပ်သမား ၇၁ ဦးဖြင့် အထပ်သားအခွံခွာအကြမ်းစက်၊ အထပ်သားအချောစက်၊ ဓားသွေးစက်၊ ဖိသိပ်ထုပ်ပိုးစက်များဖြင့် ရာဘာသစ်ပါးလွှာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေး ခွဲခြားပါကင်ထုပ်ပိုးထားရှိမှုနှင့် စက်ရုံထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းအရင်း အမြစ်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြင့်ထုတ်လုပ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်၍ သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်၌ အလုပ်သမားဦးရေ ၂၀၀ ဦးခန့်ဖြင့် နေ့စဉ် အစီးရေ ၈၀ မှ ၁၀၀ ကြား ထုတ်လုပ်တပ်ဆင်နေသော Precision Auto Engineering Co.,Ltd ၏ Bajaj အမှတ်တံဆိပ်သုံး ဘီးလူစီးမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံအား ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက အရည်အသွေး၊ ကုန်ကြမ်းရရှိမှု၊ လျှပ်စစ်မီးရရှိမှုနှင့် ထုတ်လုပ်မှုအခြေအနေ၊ After Sale Service ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတိုးတက်ဖော်ဆောင်နိုင်ရေး EV SKD အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စက်မူဝန်ကြီးဌာန MOHS နှင့် ချိတ်ဆက်၍ အခမဲ့စက်ပြင်သင်တန်းသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ပစ္စည်းအစိတ်အပိုင်းများ ပြည်ပမှမှာယူတင်သွင်းမှုများကို လျှော့ချ၍ ပြည်တွင်းထုတ်ကုန်များကို အသုံးပြုပြီး ထုတ်လုပ်တပ်ဆင် အသုံးပြုနိုင်ရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်ဒေသထွက် ကုန်ကြမ်းများကို အသုံးပြု၍ အလုပ်သမား ၃၀ ဦခန့်ဖြင့် တစ်ရက်လျှင် ၂၅ ကီလိုဂရမ် ဒိုလိုမိုက်သဘာဝကျောက်မုန့်မြေဩဇာ အိတ် ၂၀၀၀ ခန့် ထုတ်လုပ်နေသော ပြည်သူ့ဓနကုမ္ပဏီလီမိတက်၏ ပွင့်သစ်တိုးဘက်စုံသုံးအဆင့်မြင့် ဂျစ်(ပ်)ဆမ်ကျောက်မှုန့် ကြိတ်ခွဲသန့်စင်စက်ရုံကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ကြိတ်ခွဲသန့်စင် ထုတ်လုပ်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်ရရှိမှုနှင့် ဝယ်လိုအားယှဉ်ပြိုင်နိုင်စွမ်းတို့ကို ဆွေးနွေးမေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလုပ်သမား ၄၂ ဦးဖြင့် နေ့စဉ် ကော်ပစ္စည်းမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော KYAW-3 အလုပ်ရုံကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ထုတ်လုပ်မှုနှင့် ဈေးကွက်ဖြန့်ဖြူးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စွန့်ပစ်ပလတ်စတစ်နှင့် ကော်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်သန့်စင်အသုံး ပြုနိုင်ရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဘားအံစက်မှုဇုန်တွင် တည်ဆောက်ဆဲစက်ရုံအလုပ်ရုံ ၂၆ ရုံရှိပြီး စက်ရုံ၊ အလုပ်ရုံပေါင်း ၄၆ ရုံ လုပ်ငန်းလည်ပတ်လျက်ရှိကာ ဒေသခံတိုင်းရင်းသားပြည်သူ အလုပ်သမားဦးရေ ၅၁၈ ဦးအား အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)